ကိုရိုနာဗိုင်းရပ်စ်ရောဂါအကျပ်အတည်းကြောင့် ကုမ္ပဏီ၊ လုပ်ငန်းများရပ်နားထားခြင်းနှင့် သွားလာမှုကန့်သတ်ချက်များကြောင့် အလုပ်အကိုင်ကဏ္ဍအပေါ် ရိုက်ခတ်မှုများ မလွှဲသာမရှောင်သာ ကြုံတွေ့နေရပြီး၊ ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသည့် ယင်းကပ် ရောဂါကြောင့် စီးပွားရေးနှင့်လုပ်သားဆိုင်ရာ အကျပ်အတည်းများကို ဖြစ်ပေါ်စေလျက်ရှိရာ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း(ILO) ၏ ၁၈-၃-၂၀၂၀ နေ့တွင် ထုတ်ပြန်ခဲ့မှုအရ ကမ္ဘာတစ်ဝန်း အလုပ်လက်မဲ့အရေ အတွက် (၂၅) သန်းနီးပါး အထိ တိုးလာနိုင်ကြောင်း သိရှိရပါသည်။
သို့ရာတွင် ၂၀၀၈-၂၀၀၉ ခုနှစ်၊ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပွားခဲ့စဉ်က ဆောင်ရွက်ခဲ့သကဲ့သို့ နိုင်ငံတကာမှ ပေါင်းစည်းတုန့်ပြန်မှုများရှိလာမည်ဆိုပါက ကမ္ဘာလုံးဆိုင်ရာ အလုပ်လက်မဲ့ဖြစ်မှုအပေါ် ရိုက်ခတ်မှုမှာလည်း သိသိသာသာ နည်းပါးလာနိုင်ကြောင်း၊ ယခုအကျပ်အတည်းသည် ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းတစ်ရပ်အဖြစ်သာမက စီးပွားရေးနှင့်လုပ်သားဈေးကွက် ဆိုင်ရာ အကျပ်အတည်းလည်းဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ်တွင် ကမ္ဘာ့ဘဏ္ဍာရေး အကျပ် အတည်းဖြစ်ပေါ်ခဲ့မှုအပေါ် စုစည်း၍တုန့်ပြန်မှုဖြင့် ဆိုးရွားသည့်ရိုက်ခတ်မှုများအား ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ ယခုအခြေအနေကိုဖြေရှင်းရန်အတွက်လည်း အလား တူ ဦးဆောင်မှုများလိုအပ်နေပြီဖြစ်ကြောင်း ILO ၏ ညွှန်ကြားရေးမှူးချုပ် Guy Ryder က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း၏ ကနဦးအကဲဖြတ်မှုအရ လုပ်ငန်းခွင်ရှိ အလုပ်သမားများအား ကာကွယ်ပေးရေး၊ စီးပွားရေးနှင့် အလုပ် အကိုင်ရရှိမှုတို့ကို လှုံ့ဆော်ရေး၊ အလုပ်အကိုင်နှင့်ဝင်ငွေရရှိမှုတို့ကို ထောက်ပံ့ပေးရေးဟူသည့် မဏ္ဍိုင်သုံးရပ်ကို အခြေပြု၍ ဆောလျင်စွာ ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်သင့်သည့် အစီအမံများကို တောင်းဆိုထားကြောင်း၊ ယင်းအစီအမံများတွင် လူမှုရေးအကာအကွယ်ပေးမှုတိုးမြှင့်ခြင်း၊ အလုပ်အကိုင်ရရှိမှုကိုထိန်းသိမ်း ထားနိုင်ရေးထောက်ပံ့ပေးခြင်း၊ SMEs လုပ်ငန်းများအပါအဝင် စီးပွာရေးလုပ်ငန်းများအတွက် ဘဏ္ဍာရေးနှင့်အခွန်ဆိုင်ရာ သက်သာခွင့်များ ပေးခြင်းတို့လည်း ပါဝင်ကြောင်း၊ အဆိုပါအကဲဖြတ်မှုတွင် သီးခြားစီးပွားရေးလုပ်ငန်းကဏ္ဍများအတွက် ချေးငွေနှင့် ဘဏ္ဍာရေးထောက်ပံ့မှုပေးခြင်း၊ ငွေရေးကြေးရေး မူဝါဒပိုင်း စီမံ ဆောင်ရွက်မှုများကိုလည်း အဆိုပြုထားကြောင်း သိရှိရပါသည်။
ကမ္ဘာ့ GDP တိုးတက်မှုနှုန်းအပေါ် COVID-19 ၏ မတူညီသောရိုက်ခတ်မှုဖြစ်စဉ်များကို အခြေခံ၍ ILO အနေဖြင့် ကမ္ဘာ့အလုပ်လက်မဲ့အရေအတွက်ဖြစ်နိုင်ခြေကို ၅.၃ သန်းမှ ၂၄.၇ သန်း အကြားခန့်မှန်းထားခြင်းဖြစ်ကြောင်း၊ ၂၀၀၈-၂၀၀၉ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းတွင် ကမ္ဘာ့ အလုပ်လက်မဲ့ဖြစ်မှုအရေအတွက် (၂၂) သန်းရှိခဲ့ကြောင်း၊ COVID-19 ပြဿနာကြောင့် အလုပ်ချိန် လျှော့ချခြင်းနှင့် လုပ်ခလျှော့ချခြင်းများ၏ စီးပွားရေးအကျိုးဆက်များသည် Underemployment အခြေအနေ ကိုလည်းများစွာ တိုးတက်လာစေဖွယ်ရှိကြောင်း၊ လုပ်သားဈေးကွက်တွင် ဖြစ်ပေါ်လာသည့် အပြောင်းအလဲများကို ခုသာခံသာရှိစေတတ်သည့် ဖွံ့ဖြိုး ဆဲနိုင်ငံများရှိ Self-employment ကဏ္ဍသည်လည်း ခရီးသွားလာမှုကန့်သတ်ချက်များကြောင့် ယခုအခြေအနေတွင် ထိုသို့လုပ်ဆောင်ပေးနိုင်မည် မဟုတ်ကြောင်း သိရပါသည်။
အလုပ်အကိုင်ရရှိမှုလျော့ကျခြင်းသည် ဝင်ငွေဆုံးရှုံးမှုကို ဖြစ်ပေါ်စေသဖြင့် ၂၀၂၀ ပြည့်နှစ် အကုန်တွင် လုပ်သားများ၏ ဝင်ငွေဆုံးရှုံးမှုသည် အမေရိကန်ဒေါ်လာ ၈၆၀ ဘီလီယံမှ ၃.၄ ထရီလီယံ အကြား ရှိနိုင်မည်ဟု ခန့်မှန်းထားကြကြောင်း၊ ယင်းအခြေ အနေမှာ ကုန်စည်နှင့် ဝန်ဆောင်မှုများကို စားသုံးမှုလျော့ကျခြင်းသို့ ဦးတည်မည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းများ၏ အလားအလာများအပေါ် သက်ရောက်မှုရှိစေမည်ဖြစ်ကြောင်း၊ အလုပ်အကိုင်ရှိဆင်းရဲနွမ်းပါးမှု (working poverty) အခြေ အနေမှာလည်း သိသာစွာတိုးလာမည်ဟု ခန့်မှန်းထားကြောင်း၊ ILO ၏ ခန့်မှန်းချက်အရ ကမ္ဘာတစ်ဝန်းလုပ်သား ၈.၈ သန်းမှ ၃၅ သန်းအထိ အရေအတွက်သည် working poverty အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ဘရပ်ဆဲလ်တိုင်မ်း၏ ၁၈-၃-၂၀၂၀ နေ့တွင် သတင်းဖော်ပြချက်အရ သိရှိရပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)
ရင်းမြစ် - (ဘရပ်ဆဲလ်တိုင်းမ်)